Can we judge a book by its cover??
အတန်းထဲက ကျောင်းသားတွေကို first impression နဲ့ သူများကို judge လုပ်တာ တော်မတော် အတန်းထဲမှာပဲ လက်တွေ့စမ်းကြည့်ကြပါတယ်။ ဒီ slide က စာသင်ခန်းထဲမှာ သုံးတာတွေထဲက တစ်ခုပါ။ အဓိကက You can’t judge a book by its cover ကို ဆွေးနွေးခိုင်းဖို့ အစပျိုးတဲ့ဟာပါ။
ပုံထဲက အမျိုးသမီးရဲ့ လက်နှစ်ဖက်လုံးမှာ တက်တူးအပြည့်ရှိပြီး၊ အဲ့တာကိုပြချင်လို့ကို လက်ပြတ်ဝတ်ထားတာ သတိထားမိပါလိမ့်မယ်။
ဒီတော့ ကျောင်းသားတွေကို မေးလိုက်တယ်။ ဘာအလုပ်လုပ်နေတဲ့သူ ဖြစ်မလဲပေါ့။ တချို့က စီးပွားရေးသမား၊ အနုပညာရှင်၊ အဆိုတော်၊ သူကိုယ်တိုင်က တက်တူးပညာရှင်၊ မိုတီဗေးရှင်နယ်စပီကာ၊ ခရိုနီ၊ စသဖြင့် ပြောကြပါတယ်။ အဲ့ထဲမှာ သူတို့ မပြောတဲ့ အလုပ်က တက္ကသိုလ်ကျောင်းဆရာမပေါ့။
တကယ်လည်း သူက ကမ္ဘာ့အဆင့် ၁၀ အတွင်းဝင်တဲ့ NUS စင်္ကာပူအမျိုးသားတက္ကသိုလ် ဥပဒေမဟာဌာန Professor and research Vice-dean (မြန်မာလို သုတေသနရေးရာ ဒုဌာနမှူးလို့ ခေါ်မယ်ထင်တယ်) ပါ။
ပြီးတော့မှ ကျန်တာကို brainstorm ခိုင်းပြီး ဆွေးနွေးစေတာပါ။
အမြင်တချက်မှာ တက်တူးထိုးထားတယ်၊ ကြိုးတစ်ချောင်းဝတ်ထားတယ်၊ လွတ်လွတ်လပ်လပ်နေတယ် ဆိုတာမျိုးကိုကြည့်ပြီး သူတကယ်ဘာလုပ်နေတယ်၊ လူ့လောကကို ဘယ်လိုအကျိုးပြုနေတယ်ဆိုတာကို ဆက်စပ်လို့ လုံးဝမရပါဘူး။ သုတေသနမှာဆို correlate လို့ခေါ်တယ်။ correlation dimensions တွေဆိုတာမှ အများကြီးရှိတယ်။ correlation တစ်ခု ရှိတယ်ဆိုရင်တောင် causation မဟုတ်လို့ တက်တူးထိုးတာ လူဆိုးလို့ ကောက်ချက်ချခွင့် လုံးဝမရှိပါဘူး။
ကလေးတစ်ယောက် စာမေးပွဲမအောင်တာ စာမကျက်လို့ ယူဆမယ်ဆိုရင် စာကျက်တဲ့ကလေးတိုင်းရောအောင်လားဆိုတဲ့ အယူအဆနဲ့ ပြန်ချိန်ရသလို ကြိုးတချောင်းမဝတ်ရင် အသိုင်းဝိုင်းက ဘောင်ကျဉ်းထားတဲ့ “အမျိုးသမီးကောင်း” ဆိုတာတောင် ပြန်ဖြစ်ရဲ့လားဆိုတဲ့ ချိန်ဆမှုမျိုး လိုပါတယ်။
တက်တူးကို မကြိုက်ပိုင်ခွင့်လည်း ရှိတယ်။ ထို့အတူ ထိုးထားတဲ့သူကလည်း သူ့အခွင့်အရေးသူရှိတယ်။ သူ့ရဲ့ personality, စရိုက်၊ ပညာရေး၊ အသိပညာ၊ အလုပ်ကိုင်ကို judge လုပ်ပိုင်ခွင့် မရှိပါဘူး။ ရှေးခေတ်က ဆော်ကြည်ချင်လို့ ပေါင်မှာ ကြေးအပ်နဲ့ ထိုးကွင်းထိုးထားပြီး ညနေကြ ကြွားဖို့ ခါးတောင်းကြိုက်ခြင်းခတ်ခဲ့တဲ့သူတွေက အခုမှ တက်တူးကို ခါးခါးသီးသီး ပြန်မုန်းနေကြတာ အတော်လေး ထူးဆန်းပါတယ်။
ဒီဘက်ခေတ်ကြီးထဲမှာ အမြင်ပန်းနဲ့ လူတွေကို တော်တယ် မတော်ဘူး ဆုံးဖြတ်တာ၊ အသိုင်းဝိုင်းကပဲ ပြန်သတ်မှတ်ထားတဲ့ ကောင်းတာဆိုးတာတွေနဲ့ ချိန်ထိုးတာတွေ ရပ်သင့်ပြီလို့ ထင်ပါတယ်။