Exploratory Action Research မြန်မာမှာ ဘာကြောင့် လိုအပ်နေသလဲ
တော်တော်များများက သုတေသနလို့ ဆိုလိုက်ရင် စာကြည့်တိုက်မှာ တညလုံး ရေးလိုက်ခြစ်လိုက်နဲ့ စာအုပ်တွေအများကြီးဖတ်ပြီး လုပ်ရတာလို့ ထင်ကြတယ်။ မှားတော့ မမှားဘူး။ ဒါပေမဲ့ အဲ့လိုသုတေသနကို ကိုယ်လက်ရှိသင်ကြားနေတဲ့ အတန်းထဲမှာ လုပ်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။
ဒါကြောင့်မလို့ လွယ်ကူထိရောက်ပြီး လက်တွေ့ကျတဲ့ စာသင်ခန်းထဲက အဖြစ်ပျက်တွေ တိုးတက်မှုတွေကို ထောက်လှမ်းဖို့ ရှာဖွေဖို့ Exploratory Action Research (EAR) ဆိုတာမျိုး ပေါ်လာခဲ့ပါတယ်။ စခဲ့တာကတော့ ၂၀၁၃ ချီလီမှာ။ တဆက်ထဲမှာပဲ ပီရူး၊ ကိုလံဗီယာ၊ မက်ဆီကို၊ အိန္ဒိယ၊ နီပေါ နဲ့ ထိုင်းတို့ပါ။ ဒါပေမဲ့ အစောဆုံး အကိုးကား စာအုပ်ကတော့ ၂၀၁၈ မှာ ထွက်လာခဲ့တယ်။ အဲ့ EAR တာကို ဦးဆောင်နေတဲ့ ပညာရှင်နှစ်ဦးကတော့ Leeds က Dr Paula Rebolledo နဲ့ Warwick က Dr Richard Smith တို့ပါ။
သူရဲ့လုပ်ငန်းစဉ်က ပုံထဲကအတိုင်း ရှင်းရှင်းလေးပါ။ Reflect> Plan> Observe> Reflect> Pan> ACT> Observe> Reflect ပါ။ ဒါဟာ ကျတော်တို့ ဆရာ ဆရာမတွေနဲ့ မစိမ်းတဲ့ ပြန်သုံးသပ်၊ ပြန်အစီစဉ်ချ၊ နောက်တခါပြန်သုံး၊ ပြန်သုံးသပ်၊ အဖြေထုတ်၊ စမ်းကြည့်၊ အောင်မြင်၊ ထပ်စမ်းနဲ့ လည်ပတ်နေတဲ့ စာသင်ခန်းဖြစ်စဉ်လိုပါပဲ။
များသောအားဖြင့် EAR မှာ သင်ထောက်ကူ၊ နည်းနာ၊ နည်းပညာ၊ 4 skills, system lessons နဲ့ အက္ခရာရေးသားနည်းတွေအထိ ပြဿနာကို လေ့လာဆန်းစစ်ကြပြီး အဖြေထုတ်ပြီး ငါ့အတန်းမှာတော့ ဒီလို စနစ်တကျ ဖြေရှင်းလိုက်နိုင်တယ်ဆိုပြီး တင်ဆက်တဲ့သဘောပါ။ ဒါဟာ ဖတ်ရှုရမယ့်ဆရာမတွေအတွက် လက်တွေ့ကျတဲ့ အဖြေကို လိုတိုရှင်းပေးနိုင်သလို၊ literature review လို့ခေါ်တဲ့ နောက်ခံစာအများကြီးဖတ်စရာမလိုဘဲ အဖြေလွယ်လွယ်ကူကူ ရနိုင်တဲ့ ဖတ်ရကျိုးနပ်၊ လုပ်ရကျိူနပ်တဲ့ သုတေသနတွေ ဖြစ်လာပါတေ့တယ်။
ထိုင်းမှာ မနှစ်က EAR project တခုမှာဆို ဘာသာစကား ၃ ခုသင်ကြားရတဲ့ နယ်တခုက မူလတန်းကလေးလေးတွေဟာ Capital letter, small letter awareness မရှိတာကို ရှိအောင် ဘယ်လိုလေ့ကျင့်ပေးနိုင်ခဲ့လဲ ဆိုတာမျိုးကို တင်ဆက်ခဲ့ပါတယ်။
နောက် အစိုးရကျောင်းတခုမှာဆိုရင် ကလေးတွေရဲ့ အပြောသွက်လာအောင် Impromptu Talk လေ့ကျင့်ပြီး confidence building ကို လုပ်ပေးရင်း ဂျပန်က MEXT scholarship ကို ပြင်ဆင်ပေးတဲ့ project ပါ။ ဒါကြောင့် ကျတော်တို့ စာသင်ခန်းက အခက်အခဲတွေ၊ ပြဿနာတွေကို အရင်ဆုံးဖော်ထုတ်၊ လေ့လာ၊ သီအိုရီနဲ့အဖြေရှာပြီး ထွက်လာတဲ့ရလဒ်ကို စောင့်ကြည့်တာဟာ ကျတော်တို့ ဆရာ ဆရာမတွေ စာသင်ရင်းလုပ်နိုင်တဲ့ ထိရောက်တဲ့ efficient research တခုလို့ မြင်ပါတယ်။
အဲ့လို EAR တွေကို အရင်ထဲက အမေရိကန်သံရုံးက OPEN ရဲ့ English Teaching Forum journal ရဲ့ My Classroom ကဏ္ဍမှာ အစထဲကရှိနှင့်ပြီးသားပါ။ ဒီလိုနဲ့ ၂၀၁၈ မှာ British Council ကနေ EAR Handbook ထွက်လာရင်း တချိန်ထဲမှာ ခုနက EAR project ရှိရာ နိုင်ငံတွေက success stories တွေကိုပါ ဖတ်ရှုခွင့် ရလာပါတယ်။ အဲ့အခန်းတွင်း EAR result တွေ သုတေသနတွေက အခုဆို ELT ဆရာမတွေရဲ့ အိပ်မက်တခုဖြစ်နိုင်တဲ့ IATEFL conference, Thailand TESOL Conference, CamTESOL Conference တို့မှာ အသီးသီးပါလာနေကြပါပြီ။ ဒါ့အပြင် ထိုင်းမှာဆို ပါဝင်တဲ့ဆရာမတွေက စာကိုတဖက်က သင်ရင်း Thailand British Council နဲ့ အတူ စာတမ်းထုတ်ဝေနိုင်ကြပြီ ဖြစ်ပါတယ်။
ကျတော့်ရဲ့ အတွေ့ကြုံအရ- ထိုင်းရဲ့ EAR project ကိုတော့ Thailand British Council နဲ့ King Mongkut’s University of Technology Thonburi (KMUTT) ကနေ ပူးပေါင်းပြီး လုပ်ပေးပါတယ်။ KMUTT’s School of Liberal Arts က ကျတော်တို့ professor Aj Sonthida Keyuravong က ထိုင်းနိုင်ငံ အင်္ဂလိပ်စာသင်ကြားရေးနယ်ပယ်မှာ အတော်လေး နာမည်ကြီးတာမလို့ သူကနေဦးဆောင်ပြီး ထိုင်းတနိုင်ငံလုံးက အဆင့်မြင့်ပညာတက္ကသိုလ်အသီးသီးက ဆရာ၊ ဆရာမတွေကို ဖိတ်ခေါ်ပြီး အခြေခံပညာအစိုးရ အထက်တန်းကျောင်းက ဆရာမတွေကို အဲ့ training ပေး၊ ပုံမှန် mentorship ပေးပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ပြီးတာနဲ့ ထွက်လာတဲ့ observation တွေ ပြဿနာတွေကို ဘယ် နည်းနာတွေ၊ သီအိုရီတွေနဲ့ ဖြေရှင်းနိုင်မလဲ၊ research tool တွေ ဘယ်လိုသုံးမလဲဆိုတာတွေကိုပါ ပို့ချပေးပါတယ်။ ဒီလိုနဲ့ ဖြေရှင်းနိုင်တဲ့အထိ လိုင်းပေါ်ကနေလက်တွဲခေါ်ပြီး British Council Asia Facebook မှာ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို ပြန်ထုတ်လွှင့်ပေးခဲ့ပါတယ်။ နောက်ဆုံး BC ကနေ စာတမ်းထုတ်ဝေတဲ့အထိ တဆင့်ဆင့် ပြီးစေပါတယ်။
ပြီးတော့ အဲ့မှာပြီးမြောက်သွားတဲ့ ဆရာမတွေဟာ နောက်တသုတ်မှာ Mentor တွေ ဖြစ်လာပြီး နောက်တက်လာမယ့် ဆရာမတွေကို ဆက်လက်တွဲခေါ်ယူပါတော့တယ်။ ဒီလိုနဲ့ ထိုင်းမှာ ၂၀၂၄ မှာ တတိယမြောက်အသုတ်ထိ ဖြစ်လာပြီး US Embassy RELO, Thai TESOL တို့ကပါ လူအား ငွေအား ထပ်ပံ့ပိုးပေးထားပါတယ်။ ဒီနှစ်မှာတော့ ထိုင်းတနိုင်ငံလုံးဆရာမ ၄၇ ယောက်ထိ ရွေးထားပါတယ်။ (ကျတော်ကတော့ international student observer အနေနဲ့ ပါဝင်ပြီး အဆိုပါဆရာမတွေအတိုင်း ကိုယ့်နိုင်ငံကစာသင်ခန်းမှာလုပ်ဖို့ တာဝန်ယူထားပါတယ်)
မြန်မာမှာလဲ အလားတူ လုပ်လို့ရပါတယ်။ ထိုင်းရဲ့ EAR 1st batch ဟာ ဆယ်ယောက်ထဲနဲ့ စခဲ့ပြီး ၂၅ — ၄၇ တဖြည်းဖြည်းနဲ့ တက်လာတာလို့ ဆိုပါတယ်။။ ကျတော်တို့ လိုအပ်နေတာကတော့ ငွေကြေး အထောက်အပံ့၊ တိကျတဲ့မူဝါဒနဲ့အတူ လေ့ကျင့်ထောက်ပံ့ပေးမဲ့ အဖွဲ့စည်းတို့ပါ။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ red tape နည်းပြီး ကမ္ဘာ့အမြင်ကျယ်တဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းတွေ၊ နယ်စပ်ဒေသက ဖွံ့ဖြိုးရေးကျောင်းတွေ၊ စစ်ဘေးရှောင်ဒေသက ကျောင်းတွေမှာသာ အဖြစ်နိုင်ဆုံးလို့ မြင်ပါတယ်။
EAR လေ့ကျင့်ရေးအတွက်ကို နိုင်ငံတကာ (ယူအက်စ်၊ ယူခေ၊ ဂျပန်၊ စသဖြင့်) မှာ postgraduate အတွေ့ကြုံရှိတဲ့ ELT က ဆရာ ဆရာမတွေ၊ စီနီယာတွေ၊ ပြည်တွင်းတက္ကသိုလ်တွေက သုတေသနအတွေ့ကြုံရှိ သင်ကြားရေးနယ်ပယ်က စာဆက်မသင်တော့တဲ့ ဆရာ/ဆရာမကြီးတွေကနေ လေ့ကျင့်ပေးလို့ ရပါတယ်။
ကျတော်တို့ဆီမှာ စာသင်ခန်းအတွင်းအပြင် ပြဿနာတွေဟာ ရှင်းမရအောင် ပွနေတာမလို့ တစဆွဲထုတ်လိုက်တာနဲ့ တယောက်တစ ဆွဲထုတ်ဖြေရှင်းရင်း အတူတူ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ Zoom ကို ပြည်တွင်းမှာသုံးလို့ ရနေသေးသ၍တော့ ကျတော်တို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်။
သုတေသနနယ်ပယ်အသီးသီးမှာ ခေတ်နောက်ကျကျန်နေတဲ့ သုတေသနကမ္ဘာ့အဆင့် ၁၂၇၊ အာဆီယံ အဆင့် ၉ နိုင်ငံကို တဆင့်နှစ်ဆင့်လောက် မြင့်လို့မြင့်သွားငြား ဆွဲတင်မိချင်တဲ့ ဆန္ဒတခုပါပဲ။ နောက်မကြာခင် နှစ်တွေမှာ EAR project တကယ်လည်း ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။